Home

maripmaigrace.blogspot.com kaw na kabu gara let hkap tau la ga ai. အားလုံးကို လိုက်လိုက်လဲလဲဖြင့်ကြိုဆိုပါ၏။ welcome everyone by pleasure...

Sunday, June 12, 2011

ပြဿနာ တစ်ခုကို ဘယ်လို ကိုင်တွယ်ဖြေရှင်းလဲ....

      
သူငယ်ချင်းတို့ရေ...

ဘ၀မှာ ကိုယ်နဲ့ အပ်စပ်တဲ့ အမှန်တရားကို ထိတွေ့မိဖို့ မလွယ်လှပါ..။
ဒီလို ထိတွေ့မိရင်လဲ ..လူဆိုတာ ရိုက်နှက်ဆုံးမစရာ မလိုတော့ပါ..။
ကျွန်တော့် အဖြစ်အပျက်တစ်ခု ပြောပြပါ့မယ်..။

ကျွန်တော် နေရာအသစ်တစ်ခုမှာ ရောက်ခါစ လူက ငယ်ငယ် ၊ စိတ်က မြန်မြန်ထက်ထက် ၊ ကိုယ်ကိုမဟုတ်တာလာလုပ် ၊ လာပြောရင် မခံတတ်ပဲ ချက်ချင်းပြန်လုပ်တတ် ၊ ပြောတတ်တဲ့ စိတ်ကလဲ ရှိနေသေး..။
ပြဿနာ တစ်ခုကို ဦးနှောက်နဲ့ ညှိနှိုင်းဆွေးနွေးဖို့ထက် စကားကလဲ များများမပြောတတ်တော့
ကိုယ့်ကိုလာကြောရင် လက်ကပါပြီးသား....။



ဒါနဲ့ကိုယ်နှင့်အလုပ် အတူတူ လုပ်တဲ့တရုတ် စူပါဗိုက်ဇာ ကို ဆွဲထိုးဖူးသလို ၊ ဂေါ်ပြားနဲ့လဲ 
လိုက်ရိုက်ဖူးတယ်..။
ဒါပေမဲ့ ကျွန်တော်ဟာ လူရမ်းကားတော့မဟုတ်ပါ..။ လူဆိုး ၊ လူမိုက်လဲ မဟုတ်ပါ..။
ကိုယ့်ကို လာကြောတာကို ဘယ်လို ဖြေရှင်းရမှန်းမသိသေးတဲ့ လူတစ်ယောက်မျှသာ ဖြစ်ပါတယ်..။
ဒါပေမဲ့ ကံကြမ္မာကောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်..။

ဒါကတော့ Department ပြောင်းလိုက်ရပြီး Ng Shaiu Fern ဆိုတဲ့ တရုတ်မ လက်အောက်
ရောက်သွားတာပါ..။ သူ့ကို ကျွန်တော်က Ms Ng လို့ပဲခေါ်ပါတယ်..။
သူက ကျွန်တော်ထက် ၁ နှစ်ပိုကြီးပေမဲ့ ကျွန်တော်ထက် ၁၀ ဆမက တော်ပါတယ်..။
သူ့ဆီက Management တွေ အများကြီး လက်တွေ့တတ်ခဲ့ရတယ်..။
သူက စကားပြောရင် အမေးတွေနဲ့ပဲ ပြောလေ့ရှိပါတယ်..။
(တချို့ အထက်လူကြီးတွေက အမေးနဲ့ မပြောပဲ အမိန့် တွေနဲ့ ပြောကြတယ်လေ..။)

ဒီလိုနဲ့ တစ်နေ့ ................
အမြဲတမ်း အလိုမကျ ဖြစ်နေတတ်တဲ့ စူပါဗိုက်ဇာ တစ်ယောက်ရှိတယ်..။
သူ နဲ့ ကျွန်တော် မတည့်ပါ..။ သူနဲ့ ဘယ်သူနဲ့မှလည်းမတည့်ပါ..။
အဲဒီနေ့က Department မတူပဲ ကျွန်တော်တို့ Lab ကို လာ ဆရာလုပ်နေလို့ ကျွန်တော် ဒေါသတွေ ထွက်နေ တဲ့ အချိန် ၊ တစ်ယောက်တခွန်း စကားများနေတဲ့ အချိန်မှာ Ms Ng ရောက်လာတယ်..။
Ms Ng ရောက်လာတော့ ဒီ စူပါဗိုက်ဇာ လဲ ထွက်သွားတယ်..။


ရှုးရှုးရှားရှား ဒေါသတွေ ထွက်နေတဲ့ ကျွန်တော်ကို Ms Ng ဘယ်တုန်းကတည်းက ပြောဖို့ စောင့်နေမှန်း မသိပဲ သူ့ဖိုင်ကြားထဲက စာရွက်လေးတစ်ရွက် ထုတ်ပေးတယ်..။
စာရွက်က မဂ္ဂဇင်းတစ်ခုမှ စာရွက်လေးပါ..။
ဒေါသတွေနဲ့ ကျွန်တော်ယူလိုက်တော့ အပေါ်က တရုတ်လိုရေးထားပြီး အောက်က အင်္ဂလိပ်လို
ဘာသာပြန်ပေးထားတဲ့ ပုံပြင်လေးတစ်ပုဒ်ပါ..။

ခေါင်းစဉ်က “ How To Solve The Problem ” တဲ့..။
ပုံပြင်ပေးမဖတ်ခင်မှာ စကားတစ်ခွန်းပြောသေးတယ်..။ ဘယ်တော့မှ မေ့မရစေမဲ့ စကားပေါ့..။

“ ပညာတတ်နဲ့ ပညာမဲ့ ဘာကွာမယ်ထင်လဲ ၊ဘာမှ မကွာဘူး ။ ခြေ လက် ခေါင်း အတူတူပဲ..
တစ်ခုပဲကွာတယ်.... ပြဿနာတစ်ခုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းတယ်..ဆိုတာပဲ..။”

(သူနဲ့ ကျွန်တော် စကားပြောရင် တရုတ်လိုမပြောပါဘူး..အင်္ဂလိပ်လိုပဲပြောတာပါ..။)

ပြီးတော့ သူပေးတဲ့ ပုံပြင်ကို ဖတ်ပြီးတော့ ကျွန်တော် ကိုင်ရိုက်ခံထားရသလိုလို ။
နှိပ်ကွတ်ခံထားရသလိုလို ဖြစ်နေတယ်.။ နောက်တော့ သတိရတိုင်း ဖတ်လေ အဓိပ္ပါယ်ရှိလေလေ
ဖြစ်စေခဲ့တဲ့ ပုံပြင်လေး တစ်ပုဒ်ပါ..။
ကျွန်တော့်ဘ၀ကို ပြောင်းလဲစေခဲ့တဲ့ ပုံပြင်လေးတစ်ပုဒ် လို့လည်းပြောလို့ရပါတယ်..။


How To Solve The Problem
ပြဿနာတစ်ခုကို ဘယ်လို ကိုင်တွယ်ဖြေရှင်းလဲ


တစ်ခါက မုဆိုးကြီးတစ်ယောက်ဟာ သူ့သားကို အသိပညာတစ်ခုပေးချင်လို့
သူတောလိုက်သွားရာကို ခေါ်သွားသတဲ့..။ တစ်နေရာလဲရောက်ရော တောင်ကမူလေးတစ်ခုမှာ ခွေးတစ်ကောင်က နေပူစာလှုံနေသတဲ့..။ ဖခင်မုဆိုးကြီးက သူ့သားကိုသေသေချာချာ
ကြည့်ခိုင်းပြီးနေပူစာလှုံနေတဲ့ ခွေးကို မထိစေပဲခွေးရဲ့ ဘေးသို့ရောက်အောင် ခဲလုံးတစ်လုံးနဲ့
ပစ်ပေါက်လိုက်တယ်..။

ခွေးဟာ သူ့ဘေးနားကျလာတဲ့ ခဲလုံးကြောင့် လန့်ပြီး ငေါက်ကနဲ့ ထရပ်လိုက်တယ်.။
ပြီးတော့ ဘာရယ်ညာရယ်မှန်းမသိပေမဲ့ ခဲလုံးမှန်းတော့ သူသိတယ်..။ သူ့ကိုလာလန့်စေတဲ့
ခဲလုံးကို လိုက်ကိုက်နေတော့တယ်.။ ခွေးဟာ ခဲလုံးက သူ့ကို လာလဲ မထိဘူး ၊ စားစရာလဲ
မဟုတ်ဘူးဆိုတာ သိသိကြီးနဲ့ ခဲလုံးကို ကိုက်နေတယ်..။ ဒီမြင်ကွင်းကိုကြည့်ပြီး သားအဖ
နှစ်ယောက် ပြန်လာခဲ့ကြတယ်..။

နောက်တစ်ပတ်လောက်နေတော့ ဖခင်မုဆိုးကြီးဟာ သူ့သားကိုခေါ်ပြီး တောထဲကို ထွက်လာခဲ့ပြန်တယ်..။ ဒီတစ်ခါမှာတော့ သူတို့ဟာနေရာအချက်အချာကောင်းတဲ့ သစ်ပင်
ပေါ်မှာနေရာယူကြတယ်.။ သူတို့နေရာယူနေတဲ့ သစ်ပင်ရဲ့ အရှေ့ဘက်မှာ ကျောက်ဂူ
တစ်ခုရှိတယ်..။ ကျောက်ဂူဝမှာ ခြင်္သေ့တစ်ကောင်ဟာ နေပူစာလှုံနေတယ်.။ ဖခင်မုဆိုးကြီးက သူ့သားကို ငြိမ်ငြိမ်နေဖို့ ပြောပြီး ခြင်္သေ့ရဲ့လက်နဲ့ လည်ပင်းကြားထဲကို ခြင်္သေ့ကို မထိစေပဲ
မြားတစ်စင်း ပစ်လိုက်တယ်.။

မြားကလဲ လိုရာနေရာကို ကွက်တိပါပဲ..။ ခြင်္သေ့ရဲ့ လည်ပင်းနဲ့ လက်ကြားထဲသွား
စိုက်တယ်..။ စွပ်ခနဲ့ လာစိုက်တဲ့ မြားကို ခြင်္သေ့က ဖြက်ခနဲ့ ကြည့်ပါတယ်..။
ဒါပေမဲ့ ခြင်္သေ့က မြားကို ဘာမှမလုပ်ပဲ လက်ကြားထဲလာစိုက်တဲ့ မြားကို သေသေချာချာ
ကြည့်ပြီး ငြိမ်နေတယ်..။ ခဏကြာတော့ မြားလာရာလမ်းကြောင်းကို မျှော်ကြည့်တယ်..။
ပြီးတော့ မြားကိုတလှည့် ၊ မြားလာရာလမ်းကြောင်းကို တလှည့်သေချာကြည့်တယ်..။
မြားတဲကို ခြင်္သေ့က ဘာမှ မလုပ်ပဲမြားလာရာလမ်းကြောင်းရဲ့ အစွန်းရှိ ရန်သူကို တိုက်ခိုက်
ဖို့ရာထပြီး တလှမ်းချင်း လှမ်းပြီး လျှောက်လာတယ်.။

ဒါကြောင့်..........

ကိုယ့်ကိုခြောက်လှန့်ခံရတဲ့ ခဲလုံးကို လိုက်ကိုက်နေတဲ့ ခွေး...။
ကိုယ့်ကို ရန်ပြုလာတဲ့မြားကို လျစ်လျူရှုပြီး မြားလာရာလမ်းကြောင်းရဲ့ ဟိုဘက်မှာရှိတဲ့
အဓိက ရန်သူကို တိုက်ခိုက်တတ်တဲ့ ခြင်္သေ့...။

ခွေးကတော့ ခွေးပါပဲ.....ဒီလိုပဲ
ခြင်္သေ့ကလဲ ခြင်္သေ့ပါပဲ........။.
ဒါကြောင့်မို့လဲ ခြင်္သေ့ဆိုတာ တောဘုရင်ဖြစ်နေတာပေါ့...။
လောကကြီးမှာလဲ ဒီလိုပါပဲ...
ကိုယ့်ဆီရောက်လာတဲ့ ပြဿနာတွေကို အတင်းတွန်းထိုး တိုက်ခိုက်တတ်လား...။
ပြဿနာရဲ့အစကို ရှာပြီး ပြေလည်အောင်ရှင်းတတ်လား...........ဆိုတဲ့
လူနစ်မျိုးကွဲ သွားပါတယ်..။

ဒါကြောင့် ပြဿနာနဲ့တွေ့တိုင်း သင့်ကိုသင် မေးကြည့်ပါ......။

ငါဟာ...........ခြင်္သေ့..........လား
ခွေး...........လား...။ ။

အဖြေရလာပါလိမ့်မယ်....။

ဒီနောက်ပိုင်း ကျွန်တော် ရှုးရှုးရှားရှား ဒေါသတွေထွက်နေပြီ ပြဿနာကို ဖြေရှင်းပုံမှားနေပြီဆိုရင်
Ms Ng က အမြဲတမ်း ကျွန်တော့်ကို မေးတယ်...။

“Are you Dog or Lion? ”

သူ..ဒီလိုမေးပြီးတိုင်း ကျွန်တော်ပြန်လည် ဒေါသကိုထိန်းလာနိုင်စမြဲပါ...။

ကျေးဂျူးကမ္ဘာ….

No comments:

Post a Comment