ဒီနေ့ ကျွန်တော်တို့ အတန်းမှာ ဆရာက ထူးဆန်းတဲ့ အိမ်စာတစ်ခုကို ကျောင်းသူ /သား တွေကို လုပ်ခိုင်းလိုက်ပါတယ်။ ထူးဆန်းတယ်ဆိုတာက ဘွဲ့လွန်တက်နေတဲ့ ကျောင်းသား ကျောင်းသူတွေကို ငွေ ၅၀ peso ကျပ် ပေးပြီး ဘယ်လို အကျိုးရှိအောင် သုံးနိုင်သလဲဆိုတာကို ဆရာက အိမ်စာအဖြစ် ပေးလိုက်တာပါ။( Peso ဆိုတာကတော့ ဖိလစ်ပိုင်လိုပိုက်ဆံကို ခေါ်ဆိုခြင်းဖြစ်ပါတယ်၊ ဖိလစ်ပိုင်နိုင်ငံမှာ ငွေအစေ့၊ အပြားများ ယခုတိုင် အသုံးပြုနေ ကြဆဲဖြစ်ပါတယ်) ဒီနေ့က သောကြာနေ့ဆိုတော့ စနေ ၊ တနင်္ဂနွေ နှစ်ရက်တောင် အချိန်ပေးပြီး တနင်္လာနေ့မှ ကိုယ်တကယ် လက်တွေ့ သုံးခဲ့တာကို စာတမ်းအနေနဲ့ ပြန်တင်ရမှာဖြစ်ပါတယ်။
တကယ်ပဲ ငွေ (၅၀) ဆိုတာလေးနဲ့ အကျိုးကျေးဇူးလည်းရှိ တန်းဖိုးလည်းများအောင် သုံးစွဲနိုင်တဲ့ လူကို ဆရာက ဆုပေးဖို့လည်း ပြောထားပါသေးတယ်။ ဒါနဲ့ကျောင်းဆင်းတော့ ကျွန်တော်လမ်းလျောက်ရင်းနဲ့ ဘယ်လို လုပ်ရမလဲဆိုတာ စဉ်းစားနေမိတယ်။ ကျွန်တော်တို့ ပြန်စဉ်းစားကြည့်ရင် ဒီငွေ (၅၀) Peso လေးနဲ့ တကယ်တန်းဖိုးကြီးတာတွေ ၀ယ်မယ်ဆိုရင် မရပါဘူး။ မရှိဆင်းရဲသားတွေကို ဒီတိုင်းလျူတန်း လိုက်ရင်လည်း ဒါက အရမ်းရိုးရှင်း နေပြန်တယ်။ ဆရာကလည်း တီထွင်ကြံဆပြီး အကောင်းမွန်ဆုံးနဲ့ သူတပါးတွေအတွက် သုံးနိုင်တာကို လိုချင်တာ။ ကျွန်တော် ညနေ စာကျက်ပြီး အိပ်ရာမ၀င်ခင်လေးမှာ သေချာ အလေး အနက်ထား စဉ်းစားလိုက်တယ်။
ဟိုး… ရိုး.. ဟားဟား… (ရယ်သံ) ကျွန်တော် အရမ်းပျော်သွားတယ်။ ကျွန်တော် အကြံရလိုက် ပါပြီ။ ဒီလိုနဲ့ နှစ်ခြိုက်စွာနဲ့ အိပ်ပျော်သွားပါတော့တယ်။ ညက အကြံအတိုင်း မနက်ထလာတာနဲ့ ကျောင်းပိတ်ရက်လဲဆိုတော့ မြို့ထဲကို ပစ္စည်းတွေဝယ်ဖို့ ထွက်လာခဲ့ပါတယ်။ စိတ်ထဲမှာလဲ အရမ်း လန်းဆန်းနေပါတယ်။ ကျွန်တော့် အကြံအတိုင်း လိုအပ်တဲ့ ပစ္စည်းတွေကို ငွေ (၅၀) Peso နဲ့ အကိုက်ဖြစ်အောင် ၀ယ်ယူပြင်ဆင်ခဲ့ပါတယ်။
တနင်္ဂနွေနေ့ ရောက်လာတော့ ကျွန်တော့်ငွေ (၅၀) ရဲ့ တန်ဖိုးကို စတင် လုပ်ဆောင် ပါတော့တယ်။ ကျွန်တော် တကယ်ဘဲ စိတ်ထဲ ကြည်နူးမိပါတယ်။ ဆုရတာ မရတာထက် ကျွန်တော် ဒီငွေ (၅၀) ရဲ့ တန်ဖိုးကို သိလာရလို့ ဖြစ်ပါတယ်။ ကျွန်တော် အခုအချိန် ၊ အခု အသက်အရွယ်ထိ ငွေ (၅၀) ကို တခါမှ လူတွေအများကြီးအတွက် အသုံးချရကောင်းမှန်း မသိခဲ့လို့ ဖြစ်ပါတယ်။ ဒါကြောင့်ကျွန်တော့်အတွက် ဒီနေ့လေးဟာ တကယ်ပျော်ရွင်စရာကောင်းပြီး ဘ၀အတွက် မမေ့ နိုင်မယ့် အမှတ်တရနေ့လေး အဖြစ်ကျန်ခဲ့တော့မှာပါ။
ကျွန်တော်တို့ ကျောင်းပြန်တက်တဲ့ တနင်္လာနေ့ ရောက်လာတော့ အတန်းထဲမှာ ကျောင်းသား ကျောင်းသူတွေ အားလုံးစိတ်လှုပ်ရှားနေကြပါတယ်။ ဆရာက တစ်ယောက်ပြီးတစ်ယောက် ရှေ့ထွက်ပြီး ငွေ (၅၀) ကျပ်ကလေးကို ဘယ်လို အသုံးချခဲ့ သလဲဆိုတာကို ကျောင်းသူ သား တွေရှေ့မှာ တင်ပြခိုင်းပါတယ်။
ကျွန်တော့် အလှည့်ရောက်လာတော့ ကျွန်တော်လည်း ဘာတွေ လုပ်ခဲ့သလဲဆိုတာကို တင်ပြခဲ့ပါတယ်။ အားလုံးပြီးသွားတော့ ဆရာက ကျောင်းသူ ကျောင်းသားတွေထဲကနေ အကျိုးအရှိဆုံး တန်းဖိုးအများဆုံး ဖြစ်အောင် ငွေ (၅၀) ကျပ်ကို ခွဲခြမ်းစိတ်ဖြာ သုံးနိုင်ခဲ့တဲ့ လူကို ရွေးချယ်ခဲ့ပါတယ်။
မထင်မှတ်ဘဲ ဆရာက ကျွန်တော့် နာမည်ကို ခေါ်လိုက်တော့ ကျွန်တော် အလွန်ဘဲ စိတ်အရမ်း လှုပ်ရှားမိသွားပါတယ်။ ကျွန်တော့်ကိုယ် ကျွန်တော်လည်း.. မထင်မှတ်ထား လိုက်ပါဘူး။ ဒါပေမဲ့ ကျွန်တော် မထင်မှတ်တာ ထင်မှတ်စေခဲ့ပါပြီ ။ ကျွန်တော် ဆုရတာထက် ကျွန်တော် တင်ပြခဲ့တဲ့ ငွေ (၅၀) Peso ရဲ့ တန်းဖိုးကို နားလည်ခဲ့ရသလို ကျွန်တော့် နားလည်မှုရဲ့ တန်းဖိုးကိုလည်း လူတွေ အသိအမှတ် ပြုပေးခဲ့တဲ့ အတွက် အတိုင်းမသိ ၀မ်းသာမိပါတယ်။ ( အသုံးမကျ တန်းဖိုးမဲ့တဲ့ အရာဆိုတာ မရှိပါ၊ အသုံးမချတဲ့ အသုံးမပြုတဲ့ တန်းဖိုး မထားတတ်လို့သာ အသုံးပြုရကောင်းမှန်း မသိလို့သာ ဖြစ်သည်။)
ဆရာက ဆုမချမှီမှာ ကျွန်တော့်ရဲ့ တင်ပြမှုလေးကို ရှင်းပြပါတယ်။ တချို့ကျောင်းသားတွေက ဒီငွေ (၅၀) ကျပ်လေးကို တန်းဖိုးနည်းတယ် ထင်ပြီး သိပ်ပြီးများများ အသုံးမချနိုင်ဘူးလို့ ဆိုကြပါတယ်။( တန်ကြေးနည်းပေးမဲ့ တန်းဖိုးရှိတဲ့ အရာတွေ လောကကြီးမှာ အများကြီးပါလားဆိုတာ ကျွန်တော် တွေးမိလိုက်ပါတယ်။ )
ဆရာက ဒီငွေလေးပေးလိုက်ခြင်းဟာဆိုရင် ကျောင်းသူ ကျောင်းသားတွေ ငွေ ကို ဘယ်လို စီမံခန့်ခွဲ နိုင်သလဲဆိုတာရယ် ၊ တန်းဖိုးနည်းတယ် ထင်ရတဲ့ အကြောင်းတရားကို တန်းဖိုးရှိအောင် ဘယ်လို အသုံးချနိုင်သလဲ ဆိုတာကို ကျောင်းသူ ကျောင်းသားတွေ သိစေချင်လို့ စမ်းသပ်တဲ့ သဘော ၊ ဘ၀ သင်ခန်းစား ပေးချင်လို့ ဖြစ်တယ်ဆိုတာကို ဆရာက ရှင်းပြပါတယ်။ လောကမှာ တန်းဖိုးမဲ့တဲ့ အကြောင်းတရားဆိုတာ မရှိဘူးဆိုတာရယ် တန်းဖိုးမထားတက်တဲ့ အကြောင်းတရားသာ ရှိတယ်ဆိုတာကို ကျွန်တော်တို့ကို ရှင်းပြပါတယ်။
ဒါပေမဲ့ ဆရာက ကျွန်တော့်ကို ဆုပေးခြင်းဟာလဲ အတော်ဆုံးဆိုပြီး ရွေးချယ်ခဲ့တာ မဟုတ်ဘဲ အတန်းထဲမှာ အသင့်တော်ဆုံးလို့ တွေးထင်ခဲ့လို့ ကျွန်တော့်ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ( ဘယ်သူမှ အတော်ဆုံးဆိုတာ မရှိပေမဲ့ အသင့်တော်ဆုံးဆိုတာကို အချိန်အခါနဲ့ ဆုံးဖြတ်ပြီး အတော်ဆုံးလို့ ကင်းပွန်းတက်ကျတာ ဖြစ်ပါတယ်။)
ကျွန်တော် ငွေ ၅၀ ကျပ်ကို ရိုးရိုးလေးဘဲ အသုံးပြုခဲ့တာပါ။ ကျွန်တော့်အနေနဲ့ ဒီ ငွေ ၅၀ နဲ့ တန်းဖိုးကြီးကြီး ပစ္စည်းတွေကို မ၀ယ်နိုင်ဘူးဆိုတာ သိပါတယ်။ ဒါကြောင့် လူတွေရဲ့ စိတ်ကို ပျော်ရွင်စေပြီး အားဖြစ်စေတဲ့ အကြောင်းအရာကို ရွေးချယ်ခဲ့တာပါ။ တန်းဖိုးနည်းပေမဲ့ တန်ဖိုး ရှိစေမှာပါ။ ( တစ်ဦးတစ်ယောက်အတွက် တန်ဖိုးမရှိပေးတဲ့ အခြား တစ်ဦး တစ်ယောက် အတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့အရာ ဖြစ်နေတက်သလိုပေါ့ )
ငွေ (၁၀) နဲ့ ပန်းဝယ်ပြီး ကျွန်တော်ဆံပင် အမြဲ ညှပ်နေကျ ဆံပင်ညှပ်ဆိုင်က ပိုင်ရှင်ကို ပန်းကို ပေးခဲ့ပါတယ်။ နောက်ထပ် ငွေ (၁၀) နဲ့ ဟင်းရွက်လေးတွေ ၀ယ်ပြီး ကျွန်တော်တို့ ကျောင်းက ဂိတ်စောင့် အဘိုးကြီး မိသားစုကို ပေးလိုက်ပါတယ်။ နောက်ထပ် ငွေ (၂၅) နဲ့ ရောင်စုံစက္ကူတွေ ၀ယ်ပြီး ပို့စကပ် (၂၅) ခုရအောင် ညှပ်ပြီး ကျွန်တော်ကိုယ်တိုင်း လက်ရေးနဲ့ အားပေးစာလေး အထဲမှာ ရေးလိုက်ပါတယ်။ ပြီးတာနဲ့ အထက်တန်းကျောင်း ရှိရာသို့သွားပြီး ကျောင်းပေါက်ဝကနေ ကျောင်းသူ ကျောင်းသား ၂၅ ယောက်ကို ပို့စကပ်လေးတွေ ဝေငှလိုက်ပါတယ်။ နောက်ဆုံး ကျန်တဲ့ ငွေ ၅ ကျပ်နဲ့ တယ်လီဖုန်းကနေတဆင့် တခြားတနယ်မှာ ကျောင်းတက် ပညာသင်နေတဲ့ သူငယ်ချင်း (၅) ယောက်ဆီကို အားပေးစကား မက်ဆေ့လ်လေး ပို့ပေးလိုက်ပါတယ်။
ကျွန်တော် ပို့ပေးခဲ့တဲ့ အားပေးစကားလေးကတော့ “ ဘ၀မှာ ဘာတွေပဲ သင့်ရှေ့မှာ အနှောက်အယှက် အတားအဆီးတွေ ရှိနေပါစေ။ ဘာတွေ ဘယ်လိုပဲ သင့်ရဲ့ လမ်းကြောင်းမှာ ပိတ်ပင်ထားပါစေ။ ပန်းတိုင်ကို မလျော့သော လုံ့လ၊ ၀ိရိယ ၊ ဇွဲတို့ဖြင့် အားတင်းပြီး ရှေ့ကို လျှောက်ပါလေး…. ယုံကြည်မှုတွေ ရှိနေရင် မဝေးလှသောတနေ့မှာ အောင်မြင်တဲ့ ပန်းတိုင်ကို မိတ်ဆွေ ရောက်ရှိလာမှာပါ”။
ကျွန်တော့်ရဲ့ ဆရာက ပေးလိုက်တဲ့ ငွေ ၅၀ လေးဟာ ကျွန်တော့်အတွက်တော့ ဘ၀မှာ အမှတ်တရ သင်ခန်းစာ အဖြစ် ကျန်ခဲ့မှာ ဖြစ်သလို ကျွန်တော်ကူညီလိုက်တဲ့ လူတွေဆီမှာလဲ ကျွန်တော်ကနေတဆင့် သူတို့တွေရဲ့ရင်ထဲမှာ တခုခုလေး ကျန်ခဲ့မယ်လို့ ယုံကြည်ရင်း ….
No comments:
Post a Comment